Monday, February 12, 2018

အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတကျောင်းသို့ လှူဒါန်းခြင်း

YUFLတွဲလက်များ ပရဟိတအသင်းမှ
ယနေ့(12.2.2018)တွင် ရွှေပြည်သာမြို့နယ်
အောင်ဇေယျာမင်း မိဘမဲ့ပရဟိတကျောင်းသို့
အဖွဲ့ဝင်များစုစည်းကာ နေ့လည်စာအာဟာရနှင့်
အအေး၊(650000)ကျပ်၊ဝတ္ထုငွေ(150000)
ကျပ်၊စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအတွက်ကားခအလှူငွေ(25000)ကျပ်  ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

Thursday, September 7, 2017

ရခိုင်မိသားစုသို့ လှူဒါန်းခြင်း

ရခိုင်တွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် အိုးအိမ်ကိုစွန့်ခွာ အခက်အခဲဖြစ် ဒုက္ခရောက်နေသူများအား အကူအညီပေးရန်အတွက် YUFL SU Page မှ ကျောင်းသားများ ပါဝင်လှူဒါန်းရန် တိုက်တွန်းခဲ့သည်။ ယင်းအလှူခံမည့် ကိစ္စအား YUFL Rakhine Family မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်၍ ကျွန်ုပ်တို့ YUFL တွဲလက်များ ပရဟိတအသင်းမှ ရခိုင်မိသားစု (R-Family) သို့ ဆက်သွယ်ကာ အလှူငွေ (ကျပ် ၁သိန်းတိတိ ) ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ (၂၉. ၈. ၂၀၁၇) ရက်နေ့က လှူဒါန်းခဲ့ခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအားလပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယနေ့ (၈. ၉. ၁၇) နေ့မှ အသိပေးရခြင်းဖြစ်သည်။

PS. ဓာတ်ပုံကို Fb Group (YUFL တွဲလက်များ ပရဟိတ လူငယ်အဖွဲ့)  ထဲတွင် ကြည့်ရှု့နိုင်သည်။

Saturday, June 24, 2017

Our Activity

ဒီနေ့ မနက် ကျွန်တော်တို့ မျက်စိအလင်းကွယ်နေသည့် အရွယ်မရောက်သေးသူများနှင့် အရွယ်ရောက်ပြီးသူများအား ပြုစုစောင့်ရှောက်ပေးပါသော " မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာရယ " အမည်ရှိ ဂေဟာသို့ မုန့်အအေးများနှင့် (ယနေ့ နံနက်စာ)  အဟာရဒါနတစ်နပ်စာ (9-7-17 ညနေစာ) အတွက် ငွေသားအချို့လှူဒါန်းမှုပြုခဲ့ပါတယ်။ ဟုတ်ကဲ့ ကြည်နူးရပါတယ်။ သင်ခန်းစာတွေလည်းရခဲ့တယ်။ ဝမ်းလည်းနည်းခဲ့ရပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလှုပ်ရှားမှုလေး ဖြစ်မြောက်သွားတဲ့အတွက် ဝမ်းသာရပါတယ်။ ကျွန်တော်တို့ မုန့်တွေဝေပြီးတော့ သီချင်းလေး နှစ်ပုဒ်နဲ့ ပြန်လည် တုံ့ပြန်ပေးပါတယ်။ သီချင်းသံနားထောင်ရတာ ရင်ထဲ အတော်ကို ဆွေးရပါတယ်။ ကျွန်တော့ သူငယ်ချင်းများက ငိုသူကငိုနေသလို ဝမ်းနည်းနေသူတွေကလည်း ဝမ်းနည်းနေပါတယ်။ ဘာတဲ့ ပြုံးတတ်တယ်  ခံစားတတ်တယ် ခံစားနိုင်ပါတယ် တဲ့။ သူတို့ဟာ သနားစရာမကောင်းဘူး ဟုတ်တယ် သူတို့ ခံစားနိုင်တယ်။  သူတို့ပြုံးနိုင်တယ်။  သူတို့ဟာ လောကကြီးကို အံတုနေကြတယ်။ မမျှတစွာဖြစ်တည်လာတဲ့ ဘဝကို အရှုံးမပေးကြဘူး။ သနားစရာမကောင်းဘူး ဝမ်းနည်းဖို့မလိုဘူး ကျေနပ်ရမယ်။ အားကျရမယ်။ အတုယူရမယ်။ ချစ်စရာကောင်းတဲ့အသံတွေ ဝမ်းနည်းလောက်အောင်သီချင်းဆိုနိုင်တဲ့ အရည်အချင်းတွေ ရှိနေတယ်။ တစ်ယောက်ဆို ဂစ်တာတစ်လက်ကို လက်ထဲစွဲကိုင်ထားတယ်။ သူဝါသနာပါရာကို ကြိုးစားပြီး လုပ်ဆောင်နေတယ်။ အနုပညာကို သူလည်းခံစားနိုင်ပါတယ်ဗျ။ နောက်တော့ သူတို့ရဲ့ ဘုရားသခင်ထံ ကျွန်ုပ်တို့အတွက် ဆုတောင်းပေးပါတယ်။ ဆုတောင်းပေးတဲ့သူက ဆယ်တန်းအောင်ထားပါတယ်။ သမိုင်းဘာသာ ဂုဏ်ထူးနဲ့ပါတဲ့။ ဘယ်လိုသူရဲကောင်းတွေလဲဗျာ။ အဲ့လိုသူရဲကောင်းတွေကို အဟာရဒါနတစ်နပ်စာနဲ့ တစ်မနက်စာ မုန့်နဲ့အအေး လှူဒါန်းပေးခဲ့ရတဲ့အတွက် အလွန့်အလွန်ကို ကြည်နူးရပါတယ်။ ကျွန်ုပ်တို့အလှူအတွက် ကျွန်ုပ်တို့ရဲ့ အသင်းသားများနှင့် နတ်လူအပေါင်း သာဓုခေါ်စေသော်.......။

သွားရောက်လှူဒါန်းရာတွင် လိုက်ပါခဲ့သော အသင်းဝင်များ။

၁. မအေးငြိမ်းစံ
၂. မောင်တိမ်ယံဦး
၃. မောင်စိုးစံ
၎. မဆုမြတ်သဇင်
၅. မအိနြေ္ဒခင်
၇. မောင်ထွဋ်ကောင်းစံ

Friday, June 16, 2017

ပထမဆုံးအကြိမ် လှူဒါန်းဖြစ်သွားခြင်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.......။ လက်ရှိဘဏ္ဍာငွေဟာ ၆သိန်း ၅သောင်းတိတိဖြစ်ပါတယ်။ မနက်က အချိန်က အထိပေါ့ဗျာ။ အခုတော့ ၆သိန်းတိတိသာ ရှိပါတော့တယ်။ ၅သောင်းလျော့သွားတယ်။ မနက်က ကိုရီးယားမေဂျာက ဆရာမ ဒေါ်ခင်ခင်ထက်က အတန်းထဲမှာ စကားအနည်းငယ်ပြောသွားပါတယ်။ တိုင်းရင်းသားလူငယ်ဖွံဖြိုးရေး တတိယအဆင့် ပရဟိတဂေဟာ (လိပ်စာ - ကမာဆွဲကျောင်း၊ ကမာကလုတ်စံပြကျေးရွာ၊ ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်း) မှ ဆရာတော်ဟာ YUFL သို့စာပို့လိုက်ပါတယ်။ (ဓာတ်ပုံများကို YUFL တွဲလက်များ ပရဟိတအဖွဲ့တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်)  ကယား၊ ကယန်း၊ ဓနု၊ ပအိုဝ့်၊ ပလောင်၊ ဗမာ၊ ရှမ်း စတဲ့တိုင်းရင်းသား မိဘမဲ့ကလေး (၂၁၄) ယောက် ၊ ဒေသခံ ဆင်းရဲနွမ်းပါးသောကလေး (၁၁၆) ယောက်၊ ပေါင်း (၃၃၀) အတွက် ကျွေးမွေး၊ ဝတ်စားဆင်ယင်၊ ပညာသင်ကြားရေးအတွက် ရန်ပုံငွေ လိုအပ်နေပါသဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံထားတဲ့စာ ဖြစ်ပါတယ်။ (လှူဒါန်းလိုသူများ ဖုန်း - ၀၉၄၂၅၀၀၇၂၉၄) အဲ့တာနဲ့ အတန်းထဲက EC တွေက အလှူငွေကို တီချယ်ဆီသွားအပ်ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်ပါ လိုက်သွားပြီး သိချင်တာလေးတွေ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့အဖွဲ့က လူတွေတိုင်ပင်ပြီး ၅သောင်းကျပ်တိတိကို ဌာနနှင့်အတူ (တစ်ကျောင်းလုံးအတိုင်းအတာနဲ့ ရောသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်) လှူဒါန်းခဲ့ပါတယ်။ လက်ခံရရှိကြောင်း ကျကျနနစာရွက်နဲ့ ပြဖို့မဖြစ်နိုင်တာနဲ့ပဲ သက်သေအနေနဲ့ စာတစ်စောင်သာ ရေးပေးစေခဲ့ပါတယ်။ (ဓာတ်ပုံအား အဖွဲ့တွင် လာရောက်ကြည့်ရှုနိုင်) ။ ဘယ်လိုပဲလှူဖြစ်ပါစေ လှူရဖို့မလား။ ပိုက်ဆံတွေလှူဒါန်းဖို့ ဘယ်နေရာသွားလှူရမလဲ မြင်နေတွေ့နေရင် အကြံပေးကြပါဦးဗျာ။ ဒါကတော့ လုပ်ငန်းစဉ်ဖြစ်လို့ Page မှာ official အနေနဲ့ အသိပေးခြင်းဖြစ်ပါတယ်။ ကျောင်းကို ပေးပို့တဲ့စာနဲ့ လှူဒါန်းကြောင်း စာရွက်ကတော့ YUFL တွဲလက်များဆိုတဲ့ Facebook Group ထဲမှာရှိပါတယ်။ အားလုံးပဲ မင်္ဂလာရှိသော နေ့လေးများကို အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးနိုင်ပါစေ.....။

Tuesday, May 23, 2017

မန်ဘာကြေးလျော့ချခြင်း

မင်္ဂလာပါခင်ဗျ......။

ကျွန်တော်တို့လက်ရှိ အင်အားအရ ရှေ့sem မှာဝင်ငွေကို
တွက်ချက်ကြတဲ့အခါမှာ တစ်လကို ၇သိန်းကျော်ဖြစ်နေပါတယ်။
အမေးဇင်းပေါ့နော်......။ ပိုက်ဆံများလေကောင်းလေဆိုပေမဲ့
အသင်းသားတွေကို ဝန်တစ်ခုမဖြစ်စေချင်ပါဘူး။ ဒါကြောင့်
မန်ဘာကြေးကိုလျော့ပါမယ်။ sec sem မှာ တိတိကျကျ အချိနိပေး
နိုင်တော့မှာဖြစ်ပါတယ်။ အရင်က စာမေးပွဲတွေကြောင့် တစ်ချို့
ဆိုရင် ဘာမှန်းတောင်မသိကြဘူး။ ကောက်သလား
မကောက်သလား တောင်မသိရတဲ့ ပုံစံလေးတွေဖြစ်နေပါတယ်။

admin တွေတိုင်ပင်ပြီး မန်ဘာကြေးကို လျော့ချလိုက်ပါတယ်။
ကတ်သီးကတ်သတ် ၆ရာတွေ ၇ရာ တွေလဲမကောက်ချင်ဘူး။
ဒါကြောင့် ထက်ဝက်တိတိ ၅၀၀ အထိလျော့ချလိုက်ပါတယ်။
တစ်ဝက်လောက်အထိ ဝင်ငွေကျဆင်းသွားမှာဖြစ်ပါတယ်။
သို့ပေမဲ့ ရေရှည်ကိုကြည့်ပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။
မန်ဘာအင်အားထပ်တိုးလာခဲ့ဖြစ်မယ်ဆိုရင်တော့ ဝင်ငွေ
ဟာအတော်လေးကို လည်စေပတ်စေဖြစ်နိုင်မှာပါ။
တစ်ပတ်ကို ၅၀၀ သာကောက်ခံတော့မည်ဖြစ်ပါတယ်။
အပတ်တိုင်းထည့်ဝင်ပေးစေလိုပါတယ်ခင်ဗျ။ ငွေလည်ပတ်မှုက
ထက်ဝက်တိတိထိုးဆင်းသွားမှာဖြစ်လို့ပါခင်ဗျ။

အဖွဲ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ရှေ့ပညာသင်ကာလမှာ တွေ့မြင်
စေရပါမယ်။ 1st year တွေမို့လို ပြင်ပနဲ့ချိတ်ဆက်ခြင်း
မပြုနိုင်သေးတာကိုတော့ အားနည်းချက်အဖြစ်သတ်မှတ်ပေးပါ။
ကျွန်တော့အနေနဲ့ကတော့ ပြင်ပ Activity တွေကိုပါ
လုပ်ကိုင်ချင်တာပါ။ ဥပမာအားဖြင့် စာသင်ခြင်းတို့၊
ဘုရားမှာ သန့်ရှင်းရေးလုပ်ခြင်းတို့ပေါ့။ အတွေ့အကြုံအရ
ပြင်ပနဲ့ချိတ်ဆက်ဖို့ အတော်ကိုခက်ခဲနေပါတယ်။ နောက်က
လိုက်မဲ့ လူအင်အားလည်းလိုအပ်ပါတယ်။ ဝင်ငွေ support
ပေးနေကြပေမဲ့ လှုပ်ရှားမှုလုပ်တဲ့အခါမှာ ခက်ခဲမှုတွေကြုံ
ရတတ်ပါတယ်။ ဥပမာအားဖြင့် အိမ်ကမလွှတ်တာတို့ပေါ့။

ကျွန်တော်တို့ လူအင်အားကိုကြည့်တဲ့အခါမှာ
ကိုရီးယားမေဂျာက အင်အားအများဆုံးပါ။ ဒါက စတင်ဖွဲ့စည်း
ခဲ့တဲ့မေဂျာကိုး....။ ဒုတိယအင်အားကို မြင်တဲ့အခါ
တရုပ်မေဂျာဖြစ်နေပါတယ်။ ဒါကိုသုံးသပ်တဲ့အခါမှာ
ကျွန်တော်တို့အနေနဲ့ ရင်းနှီးမှု၊ယုံကြည်မှုတွေကြောင့်လို့
တွေ့မြင်ရပါတယ်။ မသိတဲ့လူတွေနဲ့ အဖွဲ့တစ်ဖွဲ့အတွင်းမှာ
လုပ်ကိုင်ဖို့ဆိုတာ ယုံကြည်မှုအတော်ကိုမြင့်မှ ရမှာပါ။
အဖွဲ့အကြောင်းမသိတဲ့လူတွေလည်း ရှိနေတုန်းပါပဲ။
ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို တတ်နိုင်သမျှပြင်ဆင်
ပါ့မယ်။ ပဋိပက္ခ ဆိုတာရှိလာမှာပါပဲ။ သို့ပေမဲ့ ရအောင်
ရှေ့ဆက်ရမှာပဲ။ ညှိညှိနှိုင်းနှိုင်းပေါ့။

သိချင်တာရှိရင်လည်း လာရောက်မေးမြန်းကြပါလို့။
နောက်ထပ်ထပ်ဝင်ကြမဲ့ အသင်းဝင်တွေကိုလည်း မျှော်လင့်
နေပါ့မယ်လို့။ ရှေ့ဆက်လှုပ်ရှားမှုတွေကိုလည်း စဉ်းစားထား
တာအနည်းငယ်ရှိပါတယ်။ တစ်ချို့ဆို ကူညီရမဲ့နေရာတွေကို
Mention တွေပြ။ cb လာမေးအကြံပေးကြပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။ အားလုံးပဲ နွေရာသီမှာ
စိတ်၍ချမ်းသာခြင်း ကိုယ်၍ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

အသင်းဝင်အင်အား

ကဲ စာမေးပွဲလည်း ပြီးပြီဆိုတော့....
အသင်းဝင်ကြေးတွေ
စာရင်းချပြပါပြီခင်ဗျာ....။

မန်ဘာအင်အား.........
*****************
ကိုရီးယား မေဂျာမှ  ၈၉ ယောက်
ရုရှား မေဂျာမှ          ၇ ယောက်
တရုပ်မေဂျာမှ        ၆၇ ယောက်
ဂျပန်မေဂျာမှ           ၈ ယောက်
ပြင်သစ်မေဂျာမှ      ၁၂ ယောက်
အင်္ဂလိပ်မေဂျာမှ       ၁ ယောက်...

စုစုပေါင်း.....၁၈၄ ယောက် မန်ဘာအရေအတွက်ရှိပါတယ်။
အခြားမေဂျာတွေ....စာရင်းထဲ မပါသေးတဲ့သူတွေ....
အကြောင်းကိစ္စအမျိုးမျိုးကြောင့် မဆက်သွယ်ဖြစ်ခဲ့တာတွေ
ရှိနေပါတယ် ။ အကယ်၍ ဆက်သွယ်ဖို့များ ကျန်ရှိခဲ့....
ကျွန်ုပ်တို့အား ဆက်သွယ်ပေးပါခင်ဗျာ....။
ကျွန်ုပ်စာရင်းမှားနေပါကလည်း...လာရောက်ထောက်ပြပေး
ကြပါခင်ဗျ...။

ကျွန်တော်တို့ အခုလက်ရှိ စာရင်းများအရ......
မန်ဘာငွေ ကြေးများ ၅သိန်း၈သောင်း ကျပ်တိတိကို
လက်ဝယ် ရရှိထားပါတယ်။ စာရင်းဇယား အတိအကျရှိပါတယ်
ခင်ဗျ....။ ကောက်ပေးတဲ့ မေဂျာအလိုက် တာဝန်ခံတွေမှာလဲ
စာရင်းရှိသလို....ကျွန်တော်တို့ Admin Team မှာလဲ
စာရင်းချုပ်ရှိပါတယ်...။ တစ်စုံတစ်ရာ ဆွေးနွေးလိုသော်
လာရောက်ဆွေးနွေးလိုပါတယ် ။ နောက်ပြီးတော့....
လူနှစ်ဆယ်လျှင် လူတစ်ယောက် တာဝန်ခံကို လိုအပ်နေပါတယ်
ကူညီမည့်သူများ ရှိလျှင်....ဆက်သွယ်ပေးပါလားခင်ဗျာ...။
ကူညီမဲ့သူ မရှိခဲ့လျှင် ကျွန်ုပ်တို့ အကူအညီလာတောင်းရတော့
မှာပါ...။

နောက်ပြီး..... နောက်ပိုင်းအတွက်...ကျွန်တော်တို့ ခေါင်းဆောင်
တစ်ဦးလိုအပ်နေပါတယ်။ အသင်းအတွက် ပိုမိုအချိန်ပေးနိုင်
ဦးဆောင်နိုင်မည့်သူကို လိုအပ်ပါတယ် ။ စာမေးပွဲသော
ဘာသော ညာသော မခွဲခြားဘဲ တိတိကျကျ ပြတ်ပြတ်သားသား
ဦးဆောင်နိုင်မဲ့ သူကို ရွေးချယ်ချင်ပါတယ်။ ဒါကတော့ကျောင်း
ဖွင့်မှပါ....။ အခု ကျွန်တော်တို့ ပိုက်ဆံရထားတာရယ်....။
Sec sem ကောက်ဦးမှာရယ်နဲ့ဆို...ပိုက်ဆံအတော်ရနေပါပြီ။

ဒီအတွက် sec sem မှာ လှူဖို့ပြင်ဆင် ကြပါတော့မယ် ။
သွားဖို့နေရာတွေ အချိန်တွေ ကညှိဖို့ဘဲ လိုပါတော့တယ် ။
လိုက်ချင်သူများ....လိုက်နိုင်ပါတယ်...။ sec sem ပထမလ
ဒုတိယအပတ် (သို့) တတိယအပတ်လောက်....
စနေ ဒါမှမဟုတ် တနင်္ဂနွေ လို အားရက်မျိုးမှာ သွားမှာပါ။
သွားရမှာက သန်လျင်ကိုပါ...။အသင်းဝင်မဟုတ်လဲ...
လိုက်ပါ ဆောင်ရွက်ပြီး...ကူညီနိုင်ပါတယ် ။
များများစားစားတော့ လုပ်စရာမရှိ ပါဘူး....။ ကိုယ့်စရိတ်နဲ့
တော့ ကိုယ်လိုက်ရမှာပါ 😬😬။ အဲ့တာက sec sem
မှာ အတိအကျ အသိပေးပါမယ် ။....အဲ့နောက်မှာ...
ဆက်လှူဖို့လဲ စဉ်းစားထားပါသေးတယ် ။ ဒါက တစ်ပိုင်း.......။

အခု ပိုက်ဆံကို....KOREAN SEC(1) မှ EC
မောင် တိမ်ယံဦးမှ ထိန်းသိမ်းထားပါတယ် ။
စာရင်းဇယားစာအုပ်ရော သူ့လက်ဝယ်မှာပါ...။
ကျွန်တော်တို့ကတော့ ဓာတ်ပုံရိုက်ယူထားပါတယ်ခင်ဗျ....။
ပါဝင်ပေးကြတဲ့ မန်ဘာတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
အသင်းတစ်ခု အဖွဲ့အစည်း တစ်ခုအနေနဲ့ တိတိကျကျထွက်ပေါ်
လာဖို့ မျှော်လင့်ပါတယ် ။ ဒီ့အတွက်လည်း ခေါင်းဆောင်ကို
မျှော်နေပါတယ်....။ အကောင်းဆုံး လုပ်နိုင်သူ ဦးဆောင်တာဟာ
အကောင်းဆုံး ရလဒ်တွေထွက်လာ နိုင်ခြေ အများဆုံးပါဘဲ...။

ကဲ ကျွန်ုပ်တို့ လူငယ်တွေ စည်းစည်းလုံးလုံးနဲ့....
ဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံ အပ်ပါတယ် ။
စာရင်းကို အတိအကျ ချပြချင်ပေမဲ့ ချပြရင် မကောင်းဘူးလို့
ယူဆမိလို့ပါ....။အကယ်၍ သိချင်စိတ်လေးရှိရင်...
လာရောက်တောင်းယူကြည့်နိုင်ပါတယ်ခင်ဗျ...။
တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု ရှိမှ ညီညွတ်တဲ့ အသင်းကြီး
ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါ့ပြင်....
ယုံကြည်မှုဆိုတာ တည်ဆောက်ဖို့ ခက်ခဲလွန်းတာကို....
မပြောလဲ သိမှာပါ....လက်တွေ့ ကိစ္စများမှ သည်...ရှေ့ဆက်ဖို့
ယုံကြည်သင့် မသင့်ကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ကြီးကျယ်တယ်ပဲ ပြောပြော ဆရာလုပ်တယ်ပဲ ဆိုဆို
ဒီမိုကရေစီ ကျကျ ဆောင်ရွက်သွားမှာ ဖြစ်လို့......။
လွပ်လပ်စွာ ဆွေးနွေးခွင့်....စာရင်းတောင်ယူခွင့်....
ရှေ့ဆက်ရမယ် အစီအစဉ် တွေ သိခွင့် ရှိပါတယ် ။
ဒါ့အပြင်....ပိုကောင်းစေမယ့် အကြံ ဥာဏ်အားလုံးကို
လက်ခံနေပါတယ်လို့....ထပ်လောင်းပြောကြားပါရစေ...။

ဟိုနေ့က bro တျောက်လာမေးလို့ သင်္ကြန်ဘာအစီအစဉ်ရှိလဲ
ဆိုတော့ မရှိပါဘူး...မွေးရပ်မြေတွေ အကုန်ပြန်ကုန်ကြပါပြီ...
လို့ ဖြေကြားခဲ့ပါတယ်။ ကျောင်းသားတွေမို့ အိမ်လွမ်းနေကြမှာပါ။
သင်္ကြန်ကာလ မှာ စိတ်၍ ချမ်းသာခြင်း ကိုယ်၍ ချမ်းသာခြင်း
စတဲ့ ကောင်းခြင်း နှစ်ဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ....။
အားလုံးဘဲ ပျော်ရွင်ကြပါစေ....။

Saturday, February 25, 2017

YUFL တွဲလက်များ ပရဟိတ လူငယ်အဖွဲ့

YUFL ပရဟိတလူငယ်အဖွဲ့
၏ တရားဝင် Blog ဖြစ်ပါသည်။

အဖွဲ့၏လုပ်ဆောင် မှုကိစ္စအဝဝကို
ဤ Blog တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Facebook members Group

အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတကျောင်းသို့ လှူဒါန်းခြင်း

YUFLတွဲလက်များ ပရဟိတအသင်းမှ ယနေ့(12.2.2018)တွင် ရွှေပြည်သာမြို့နယ် အောင်ဇေယျာမင်း မိဘမဲ့ပရဟိတကျောင်းသို့ အဖွဲ့ဝင်များစုစည်းကာ နေ့လည်စာအာဟာ...